ကချင်ပြည်နယ်တွင်လည်း ရေဘေးစိုးရိမ်ရ

ကချင်ပြည်နယ်တွင် မိုးများပြီး မြစ်ရေများ တက်နေသည့်အပြင် ဟိမဝန္တာ တောင်တန်းပေါ်ရှိ ရေခဲကန်များ ပြိုကျလာနိုင်သဖြင့် ကချင် ဒေသခံများမှာ စိုးရိမ်နေကြသည်ဟု သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့ နာဆာဂြိုလ်တု၏ တိုင်းတာချက်အရ မိုးများလာနိုင်ပြီး မြေပြိုမှု အလားအလာ ရှိနေကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

ယင်းနေရာများတွင် မိုးရေချိန်မှာ ၁ လက်မမှ ၅ လက်မခန့်၊ ၈ လက်မမှ ၁၄ လက်မခန့်နှင့် ၁၆ လက်မမှ ၂၄ လက်မခန့် ရွာသွန်းနိုင်ကြောင်း ဆိုသည်။

ကချင်ပြည်နယ် အထက်ပိုင်းရှိ ဟိမဝန္တာတောကြီး အတွင်းရှိ ရေခဲပြင်များမှာ ကမ္ဘာကြီး ပူနွေးလာခြင်းကြောင့် အရည်များ ပျော်နေခဲ့ပြီး ပျော်ကျလာသည့် ရေခဲရေများမှာ အနိမ့်ပိုင်း နေရာများတွင် ရေကန်များ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။

မိုးများသည့် အချိန်တွင် ထိုရေကန်များ၏ အောက်ခံ မြေသားမှာ မြေအပျော့သားများ ဖြစ်သဖြင့် ပြိုကျလာနိုင်ပြီး အနိမ့်ပိုင်းဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တခြားမြို့များ ရေကြီးမှု ဖြစ်ပွားနိုင်သည်ဟု ဦးထွန်းလွင်က သတိပေး ပြောဆိုထားသည်။

ဦးထွန်းလွင်က “ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ရေဖုံးလွှမ်းခံရမှုနဲ့ မြေပြိုမှု အန္တရာယ်တွေကို သတိပြုဖို့ လိုပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် ဟိမဝန္တာတောင်တန်းပေါ်ရှိ ရေခဲကန်များ ပြိုကျလာနိုင်ပြီး ရေကြီးနိုင်သည့် အလားအလာ ရှိလာသော်လည်း သတင်း အချက်အလက် မရရှိသေးသဖြင့် ကြိုတင်ကာကွယ်မှုများ မလုပ် နိုင်သေးကြောင်း ယင်းဖြစ်စဉ်ကို စောင့်ကြည့်နေသူ သစ်တောဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးမောင်မောင်သန်းက ဧရာဝတီသို့ ပြောသည်။

ဦးမောင်မောင်သန်းက “ကချင်ပြည်နယ် ရေကြီးမယ့် အခြေအနေကို ဂြိုလ်တု ဓါတ်ပုံ ရိုက်ပြီးမှ အဖြေတွေ ထွက်လာမှာ၊ ခန့်မှန်းနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အခုတော့ ဘာမှ မပြောနိုင်သေးဘူး” ဟု ဆိုသည်။

ဂြိုလ်တု ဓါတ်ပုံရိုက်နိုင်ရန် ကချင်ပြည်နယ်အတွင်း ယခင်နှစ်များက ရေကြီးခဲ့ဖူးသည့် အချက်အလက်များ၊ ရေကြီးရာတွင် ပျက်စီး ဆုံးရှုံးသွားမှုများ၊ ထိခိုက်မှု အချက်အလက်များကို ရရှိမှသာ ရိုက်ယူနိုင်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အချက်အလက်များ ရရှိနိုင်ရန် ကချင်ပြည်နယ်မှ လူမှုရေးကွန်ရက်များကို အကူအညီ တောင်းထားကြောင်း ဦးမောင်မောင်သန်းက ပြောသည်။

ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “မြစ်ရေကတော့ တိုးနေတယ်၊ ဖားကန့်မြို့မှာဆို ရေတွေက မြစ်ကမ်းနားက အိမ်တွေပေါ်တက်နေပြီ။ သတင်းအချက်အလက်က အခု ပြတ်နေတယ်။ ရေက ရုတ်တရက် ညဘက်မှာ တက်လာမယ်ဆို မြစ်နဲ့ နီးတဲ့သူတွေအတွက် စိုးရိမ်ရတယ်” ဟု ပြောသည်။

၂၀၀၄ ခုနှစ် ဇွန်လကလည်း ဟိမဝန္တာမှ ရေခဲကန်များ အရည်ပျော်ကျခြင်းကြောင့် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ရေများ ရေလျှံကာ ရေကြီးမှုများ ဖြစ်ပွားခဲ့ဖူးသည်ဟု သိရသည်။

၂၀၀၄ ခုနှစ် ရေကြီးခဲ့စဉ်က ကယ်ဆယ်ရေး လုပ်ရင်း ရေထဲသို့ မျောပါသွားသူများ၊ မြစ်ကမ်းနားရှိ ရွာများ နစ်မြုပ်သွားခြင်းများနှင့် ရေတက်သည့် အချိန်မှာ ညပိုင်း ဖြစ်နေသဖြင့် ထွက်မပြေးနိုင်ဘဲ ရေနစ် သေဆုံးသူ အများအပြား ရှိခဲ့သည်ဟု မြစ်ကြီးနားမြို့ ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် နေထိုင်သူ ဦးခေါန်ခေါန်က “မနောင်မှာ ရေကြီးတာ ၂ ကြိမ် ကြုံတယ်။ ကျနော်တို့တော့ သိပ်မကြောက်ဘူး။ အိမ်တွေက သာမန်သစ်နဲ့ဆိုတော့ ရေတက်လာရင် ယိုင်ကုန်တာ၊ ကျွတ်ကုန်တာ အတွက် စိုးရိမ်ရတာ ရှိတယ်။ ကုန်းမြင့်ပေါ် တက်ပြေးရမှာပဲ။ မြစ်ကမ်းနားက လူတွေက တော့ စိုးရိမ်ရတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ရှေးလူကြီးများ၏ အယူအဆအရ ရေခဲကန်မှာ ၁၀ နှစ် တကြိမ် ပြိုကျပြီး ရေကြီးသည့် ဓလေ့ ရှိသည်ဟု ယုံကြည်ကြသူများလည်း ရှိကြောင်း၊ ၁၉၉၅ ခုနှစ်ကလည်း ထိုပုံစံအတိုင်း ရေကြီးမှု ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ ဒေသခံတချို့မှာလည်း ရေဘေးတိမ်းရှောင်နိုင်ရန် ဆန်များ စုဆောင်းနေကြပြီဟု မခွန်ဂျာက ပြောသည်။

မြန်မာနိုင်ငံတွင် ကျယ်ပြန့် ရေကြီးမှု (Wide Area Floods )၊ လျှပ်တပြတ် ရေကြီးမှု (Flash Floods )၊ ဆူနာမီ ရေကြီးမှု (Tsunami Floods )၊ မုန်တိုင်းဒီရေ ရေကြီးမှု (Storm Surge floods )၊ လူလုပ် ရေကြီးမှု (Man-made floods )၊ နယ်စပ်ကျော်ဖြတ် ရေကြီးမှု (Tran boundary Floods ) ဟူ၍ ရေကြီးမှု ၆ မျိုး ရှိပြီး ယခုအခါ ကချင်ပြည်နယ်တွင် နယ်စပ်ကျော်ဖြတ် ရေကြီးမှု ဖြစ်နိုင်သည့် အလားအလာဖြစ်သည်ဟု သိရသည်။

2018-01-30T21:03:49+00:00