ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)
မှတ်တမ်းအကျဉ်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)

၁။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၄၈) ဦး တက်ရောက်ခဲ့ပါသည်။

၂။ လွှတ်တော်အစည်းအဝေး(ဒုတိယနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) ကြယ်ပွင့်ပြမေးခွန်း (၁၂) ခု မေးမြန်းဖြေကြားခြင်း



(၁) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၏ ပူတာအိုမြို့နယ်၊ မာမူးလဲ့ကွင်းအမှတ်(၃၄)တွင် ယခင်က တည်ဆောက်ခဲ့သော ကျောက်စီနံရံ ပေပေါင်း(၂၀၀)ကျော် ပြန်လည်ကျောက်စီပေးရန် လိုအပ်လျက်ရှိပြီး ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိပါက လယ်ဧက(၁၅၀)ကျော် ဆုံးရှုံးသွားမည်ဖြစ်၍ အမြန်ဆုံးရေဘေးကိုကာကွယ်နိုင်ရန် ကျောက်စီနံရံပြန်လည်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၁၈-၂-၂၀၂၀ ရက်နေ့၌ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မာမူးလဲ့ကွင်းသို့ သွားရောက်ကွင်းဆင်းတိုင်းတာခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ တင်ပြလာသည့် အစီရင်ခံစာအပေါ်မူတည်၍ ရန်ပုံငွေလျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၂) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ မိုးညှင်းမြို့နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူ-ဝှေခါ-ဝှေလုံလမ်းအား အချိန်မီပြုပြင်ထိန်းသိမ်းခြင်း မပြုနိုင်ပါက ခရီးသွားပြည်သူများအတွက် ခက်ခဲလာမည်ဖြစ်ပါသဖြင့် ဆိပ်မူ-ဝှေခါရွာချင်းဆက်လမ်း (၇)မိုင်ကျော်အား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် ဝှေခါ-ဝှေလုံရွာသို့ဆက်သွယ်သည့် (၅)မိုင်အရှည်ရှိ ရွာချင်းဆက်လမ်းအား ကျောက်စီလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၃) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်၊ ဆိပ်မူရွာအထိသာ လျှပ်စစ်မီးလိုင်း တပ်ဆင်ထားရှိသဖြင့် ဝှေခါကျေးရွာသို့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆိပ်မူကျေးရွာမှ ဝှေခါရွာသို့ ဆက်လက်လျှပ်စစ်မီးလိုင်း သွယ်တန်းပေးရန်နှင့် ဆိပ်မူရွာအတွင်း သဘာဝလျှပ်စစ်မီးထုတ်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်မည့်ကျေးရွာများ စာရင်းတွင် ဝှေခါကျေးရွာအား ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၄) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်၏ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အလန်ဂါးကျေးရွာလယ်မြေ (၄၅)ဧက ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ဘတ်ဂျက်ဖြင့် ရေကာတာတည်ဆောက်ပေးနိုင်ပါရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ကွင်းဆင်းစစ်ဆေးချက်အရ မဖြစ်မနေဆောင်ရွက်ရမည်ဆိုပါက ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၅) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်၏ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အလန်ဂါးကျေးရွာသည် လျှပ်စစ်မီးမရှိသော ကျေးရွာဖြစ်သောကြောင့် ၎င်းရွာမှ (၂)မိုင်ကျော်ခန့်အကွာတွင် တည်ရှိသော ပေ(၂၀)ခန့်မြင့်သည့် အင်ဒွန်ခချောင်းရေတံခွန်မှ ရေအားလျှပ်စစ်အသေးစား ထုတ်ယူသုံးစွဲပါက သင့်တော်ပါကြောင်း ရွာလူထုများကွင်းဆင်းလေ့လာပြီး မြို့နယ်ထွေ/အုပ်သို့ တင်ပြထားပြီး ဖြစ်ပါသောကြောင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက်ဖြင့် အင်ဒွန်ခချောင်း အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ (သို့မဟုတ်) မချမ်းဘောမြို့တွင် သုံးစွဲနေသော နမ်ထွမ်ချောင်းရေအားလျှပ်စစ်မှ အလန်ဂါးကျေးရွာအထိ သွယ်တန်းပေးပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာ လျှပ်စစ်မီးရရှိရေး အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစွာကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၆) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ ဗန်းမော်မြို့နယ်၏တောင်ဘက်ရှိ သိန်လင်ကျေးရွာ ဘေးတွင်ရှိသော သိန်လင်ချောင်းသည် မိုးတွင်းကာလ တောင်ကျရေကြောင့် ကမ်းပါးများ ချောင်းရေတိုက်စားမှု ဖြစ်ပါသဖြင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ပြီး ၎င်းရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိက အဆောက်အအုံပျက်စီးမှုမှ ကာကွယ်နိုင်ရန် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးရန်အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ရေအရင်းအမြစ်နှင့်မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ကွင်းဆင်းတိုင်းတာဆောင်ရွက်စေပြီး စိစစ်ချက်အစီရင်ခံစာအရ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။



(၇) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၏ ရွှေကူမြို့နယ်၊ ဟင်းအွန်ကျေးရွာ၏ အနောက်ဖက်ကပ်လျက်ရှိသော မြေလွတ်မြေရိုင်း များအား နိုင်ငံတော်မှ လယ်ယာမြေဖော်ထုတ်ပေးမည်ဆိုပါက ဟင်းအွန်ကျေးရွာမှ လယ်မဲ့ယာမဲ့ တောင်သူများအဖို့ များစွာအကျိုးကျေးဇူးရရှိလာမည်ဖြစ်ပါသဖြင့် ၎င်းတောရိုင်းမြေမှ ဧက(၂၀၀)အတွက် သက်ဆိုင်ရာဌာနမှ လယ်ယာမြေဖော်ထုတ်ပေးပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက အဆိုပါဒေသရှိ မြေလွတ်မြေရိုင်းများသည် သစ်တောမြေ၊ ကုမ္ပဏီဧရိယာတို့နှင့် ကင်းလွတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ကင်းလွတ်မှုရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၈) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့နယ်၊ ကုန်းတိန်အုပ်စု၊ မန်သဲကျေးရွာအောက် ကွင်းအမှတ်(၁၉၃) စိုက်ဧက (၁၅၀)ကျော်၊ တောင်သူဦးရေ(၃၃)ဦးတို့၏ နှစ်စဉ်ထွက်ရှိသော စပါး၊ ပဲမျိုးစုံ၊ ပြောင်း စသည့်ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ရွှံ့၊ ဗွက်၊ ရေမြောင်းများကြောင့် အခက် အခဲများဖြစ်နေပါသဖြင့် သွားလာမှု လွယ်ကူနိုင်ရန် အလျား(၁၀)ပေ၊ အရှည်(၆၈၀၀)ပေ ရှိ မြေလမ်းတာဘောင်ကုန်ထုတ်လမ်းအဖြစ် ဖောက်လုပ်ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းမှ အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စုစုပေါင်း ကုန်ကျငွေ ကျပ် (၁၀၇.၄၆) သန်း ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းတင်ပြပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၉) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်၏ အင်ဂျန်းယန်မြို့နယ် ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း အခြေအနေ၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုရှိရန်အတွက် အင်လောက်ယာန်အရှေ့ဘက် (၃)မိုင်ခန့်ရှိ (၁) မိုင်လီကောင်ကွင်း (၂) ကွမ်ပါဘွမ်ကွင်း ကွင်းနှစ်ကွင်းအတွင်းရှိ ဧရိယာဧက(၆၀၀)ကို နှစ်ရှည်သီးနှံပင်များနှင့် ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဉယျာဉ်ခြံမြေဖော်ထုတ်ရာတွင် ကုန်ကျမည့်ငွေကြေးနှုန်းထားနှင့် စက်ယန္တရားများကို ကချင်ပြည်နယ်အစိုးရမှ ပံ့ပိုးကူညီပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက (၁) ဧက ကုန်ကျစရိတ် (၃.၅၀) သိန်း ကုန်ကျမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းတင်ပြပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၀) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအတွင်းရှိ ပြည်သူ့ဝန်ထမ်းများ၊ အများပြည်သူများ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည့် အဝီစိစက်တွင်းများ၊ ကျေးရွာ လိုအပ်ချက်နှင့်အညီ ရေရှည်သောက်သုံးရေများ ဖော်ထုတ်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက အဆိုပါလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ရန် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၁၁) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်၏ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်သည် ဧရိယာအကျယ်ဆုံး ရပ်ကွက်(၁)ခုဖြစ်ပြီး စည်ပင်နယ်နိမိတ်အတွင်း တည်ရှိသည့်ရပ်ကွက်တစ်ခုဖြစ်သဖြင့် အခြားရပ်ကွက်နှင့် အလားတူဖွံ့ဖြိုးတိုးတက်ရန်အတွက် ရဲတပ်ရင်းရှေ့‌ သောင်ဦးကျောင်းလမ်းထိပ်ရပ်ထားသည့် AC ကတ္တရာလမ်းကို ဇီးလွန်ကုန်းထိပ် ကွန်ကရစ်လမ်းအထိ ဆက်ခင်းပေးရန်၊ ဇီးကျွန်း-ကျားနှစ်ကောင်၊ ဇီးလွန်ရပ်ကွက်မှ ကျွန်းပင်သာရပ်ကွက်အထိ ဆက်သွယ်သည့် သဲကျောက်လမ်းနှင့် လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁) ကျွန်းပင်သာ-မလိယာန်ရပ်ကွက် ထိပ်လမ်းမြစ်ဆိပ်အထိ သဲကျောက်လမ်းများကို ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်မှ ၈.၂.၂၀၂၀ ရက်နေ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မြစ်ကြီးနားမြို့အတွင်း လှည့်လည်ကြည့်ရှုခဲ့သည့် ခရီးစဉ်တွင် ကချင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တင်ပြထားပြီးဖြစ်ပါကြောင်း ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၁၂) တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသောင်းအေး၏ မြစ်ကြီးနားမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မော်ဖောင်းတွင် ကျောင်းသား/သူ အင်အား စုစုပေါင်း(၄၇၃)ဦး၊ သင်ကြားရေးပိုင်းတွင် အလယ်တန်းပြ ဆရာ/ဆရာမ (၈)ဦးသာရှိပြီး စာသင်ခန်း၊ သာဘာရပ်နှင့် စာသင်ချိန်ကိုက်ညှိရန် အခက်အခဲရှိ၍ အလယ်တန်းပြဆရာ/ဆရာမ အင်အားလုံလောက်မှုမရှိပါသဖြင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြည်နယ်ပညာရေးမှူးရုံး၏ ၂၂.၁.၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ဌာနစု(၇)/၅၄၈၃/ကျောင်းတိုး/၁၉ ဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများ၊ သဘာဝအတားအဆီးရှိဒေသများ ပင်မကျောင်းနှင့် (၂) မိုင်ထပ်ကွာဝေးသော ကျောင်းများ၊ တန်းစီဇယားအမှတ်စဉ် (၂)ဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန နေပြည်တော်သို့ တင်ပြထားပြီးဖြစ်၍ ခွင့်ပြုမိန့်ရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


၃။ ကချင်ပြည်နယ်စားရင်းစစ်ချုပ် ဦးတင်လှိုင်မှ ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (ပထမ (၆)လ) ကာလအတွက် အရအသုံးစာရင်းများဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်၏ ၁-၁-၂၀၁၉ ရက်နေ့မှ ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား လွှတ်တော်သို့တင်သွင်းခဲ့ပြီး အကြုံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။


၄။ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (စာရင်းချုပ်) လျာထားချက်”နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင် တို့မှ ဆွေးနွေးအကြံပြုခဲ့ပါသည်။


၅။ အစည်းအဝေး(ပထမနေ့)တွင် ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ၏ “ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများလိုအပ်ချက် အရ ပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းများမေးမြန်းခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ လွှတ်တော်သို့ အလေးအနက်ထား ကိုယ်တိုင်ဖြေကြားပေးရန်” အဆိုအား မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့် မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းတို့က ထောက်ခံဆွေးနွေးခဲ့ပါသည်။



၆။ ဒေါ်ခေါ်မာဝူ၏ အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်မှ လွှတ်တော်တွင် မှတ်တမ်းတင်ရန် ဖြေကြားလာမှုအပေါ် အဆိုရှင်မှ လွှတ်တော်တွင် အတည်ပြုပေးနိုင်ရန် သဘောထားတင်ပြလာပါသဖြင့် လျှို့ဝှက်ဆန္ဒမဲဖြင့် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသည့်အတွက် အဆိုအား အတည်ပြုခဲ့ပါသည်။

၇။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို နေ့လည် (၁၃၄၅) နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၂၆-၂-၂၀၂၀) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

မှတ်တမ်းတင်သူ
ဒေါ်ခင်မျိုးသန့်
ဦးစီးအရာရှိ

2020-02-26T15:08:40+00:00