ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)
မှတ်တမ်းအကျဉ်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်)

၁။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

၂။ လွှတ်တော်အစည်းအဝေး(တတိယနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) ကြယ်ပွင့်ပြမေးခွန်း (၁၂) ခု မေးမြန်းဖြေကြားခြင်း

(၁) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာ၏ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ထားသည့်အဆိုဖြစ်သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ခေါင်လန်ဖူးမြို့နယ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ဖြင့် ၂၃ ပေအကျယ် ဆောင်ရွက်ရမည့် ရွာချင်းဆက်လမ်းများဖြစ်သော (က) ဂျေခါး၊ ပီးသျှူးမီဒီ၊ ဇာညီးဒီ၊ ရှီးဂူလီတော်၊ လာတီး ရွာချင်းဆက်လမ်း ၄ မိုင် ဖောက်လုပ်ခြင်း၊ (ခ) ထမိုင်၊ အော်တော်ဒီ၊ ဗဇူး၊ လော်ဝူးချီလာ ရွာချင်းဆက်လမ်း ၈ မိုင် အနက် ၄ မိုင် ဖောက်လုပ်ခြင်း၊ (ဂ) ညီတာဒီး၊ ရှားချီဝါဇွေ ရွာချင်းဆက်လမ်း ၁ မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းများအား ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင် ရွက်ရာတွင် ၆ ပေသာ ဖောက်လုပ်ပြီး လုပ်ငန်းခေါင်းစဉ်ပြောင်းလဲ ဆောင်ရွက်မည်ဟု ကြားသိရပါသဖြင့် အဆိုပါလုပ်ငန်းများကို ၂၃ ပေ အစား ၁၂ ပေ အကျယ်လမ်းအဖြစ် ဆောင်ရွက်ပေးပြီး ပိုလျှံလာသည့် ရန်ပုံငွေများဖြင့် ၎င်းလမ်းများကို အရှည်မိုင် တိုးမြှင့်ဆောင်ရွက်ပေးပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ သိရှိလိုသည်မှာ ပထမအချက်အနေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ဈေးနှုန်း၊ ဒုတိယအချက်အနေဖြင့် ပိုလျှံသည့်ရန်ပုံငွေနှင့် တတိယအချက်အနေဖြင့် ပိုလျှံသည့်ရန်ပုံငွေများဖြင့် ၎င်းလမ်းများကို အရှည်မိုင်တိုးမြှင့် ဆောင်ရွက်ထားရှိမှုအခြေအနေ စသည့်မေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက တင်ဒါအောင်မြင်သည့် ကုမ္ပဏီဈေးနှုန်းနှင့်ပတ်သက်ပြီး ဂျေခါး၊ ပီးသျှူးမီဒီ၊ တညီးဒီး၊ ရှီးဂူလီတော်၊ လာတီးရွာချင်းဆက်လမ်း (၄) လမ်း ဖောက်လုပ်ခြင်းကို Thing Giving ကုမ္ပဏီမှ (၉၁) သန်းဖြင့် လည်းကောင်း၊ ထမိုင်၊ အော်တော်ဒီ၊ ဗဇူး၊ လော်ဝူးချီလာရွာချင်းဆက်လမ်း (၈)မိုင်အနက် (၄)မိုင် ဖောက်လုပ်ခြင်းကို အားခီကုမ္ပဏီမှ ငွေကျပ် (၈၂.၇၀)သန်းဖြင့်လည်းကောင်း၊ ညီတာဒီး၊ ရှားချီဝါဇွေ ရွာချင်းဆက်လမ်း (၁) မိုင် ဖောက်လုပ်ခြင်းကို အားခီကုမ္ပဏီမှ ငွေကျပ် (၂၃) သန်းဖြင့်လည်းကောင်း တင်ဒါရရှိခဲ့ပြီး လမ်းအရှည်မိုင်တိုးမြှင့်ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ဆက်လက်ထည့်တွင်းလျာထားပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။


(၂) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်း၏ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြို့နယ်တိုင်း မဖြစ်မနေကျင်းပကြသည့်အခါ ရန်ပုံငွေမရှိသောမြို့နယ်များသည် ပွဲဖြစ်မြောက် အောင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ဖန်တီးနေကြပြီး၊ ဖန်တီးမရနိုင်သောမြို့များတွင် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သောကြောင့် ကချင်ပြည်နယ်အစိုးရအနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ထည့်သွင်းပြီး ရန်ပုံငွေနည်းများမဆို ထောက်ပံ့ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြည်နယ်အစိုးရအနေဖြင့် လောလောဆယ်တွင် ထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ နောင်လာမည့်နှစ်များတွင် အမြို့မြို့အနယ်နယ်တိုင်းအပေါ် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ငွေစာရင်းခေါင်းစဉ်ထဲမှ မည်သို့မည်ပုံဆောင်ရွက်မည်ကို လျာထားနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၃) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့နယ် မြို့တွင်းလမ်းဖြစ်သော အမှတ်(၃၁၉) ခြေမြန်တပ်ရင်း ဆိုင်းဝိုင်းကထောင် လမ်းထောင့်မှ အေးသာယာရပ်ကွက်အထိ အရှည် (၂)မိုင် (၄)မိုင်ဖာလုံရှိသည့် ကတ္တရာ လမ်းအား အကျယ် ၂၄ ပေ၊ AC နိုင်လွန်ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၄) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်၏ အင်ဂျန်းယန်မြို့နယ်၊ မန်မော်ကွင်းနှင့်လဇိုင်ကွင်းအတွင်း လယ်မြေ ဧက(၂၀၀)ကို ၂၀၁၉-၂၀၂၀ ခုနှစ် (စီမံဘဏ္ဍာ)တွင် စက်ယန္တရားများဖြင့် ထွန်ယက်အကောင်အထည်ဖော်သွားရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှခွင့်ပြုထားပြီး ၎င်း လယ် ဧက(၂၀၀)ကို အချိန်မီ လယ်ရေရရှိနိုင်ရေးအတွက် အင်ခချောင်းကို ဆည်ပိတ်ပြီး ဆည်မြောင်းဖောက်လုပ်သွားရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာမှ ကွင်းဆင်း တိုင်းတာပြီး ကုန်ကျမည့်ငွေကြေး ဘတ်ဂျက်အတိုင်းအတာနှင့် စက်ယန္တရားများကို ဆုံးဖြတ်ချမှတ်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၅) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အင်ဂျန်းယန်မြို့နယ် အတွင်း ဂွေထော်ကျေးရွာနှင့် ဇွပ်မိုင်ယန်ကျေးရွာအကြား ဝင်ငွေရသီးနှံများစိုက်ပျိုးရန် စက်မှုလယ်ယာကဏ္ဍာတွင် ဧက(၂၀၀) စိုက်ပျိုးမြေဖော်ထုတ်ရန် ဘတ်ဂျက်ထည့်သွင်း ထားပြီး ယခုနှစ်တွင် စတင်ဆောင်ရွက်လျက်ရှိပါသောကြောင့် ဒေသ၏ရာသီဥတုနှင့် ကိုက်ညီသော ဝင်ငွေရရှိနိုင်သောစိုက်ပျိုးပင်များကို ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပျိုးပင်များကို ဖြန့်ချီပံ့ပိုးပေးရန်၊ စိုက်ပျိုးနည်းစနစ်များကို သင်ကြားပေးရန်၊ ဖြန့်ဝေပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက သီးနှံပင်များစိုက်ပျိုးခြင်းလုပ်ငန်းစိုက်ပျိုးရေးဝန်ကြီးဌာနမှ အင်ဂျန်းယန်မြို့နယ်အတွင်း ဝင်ငွေရသီးနှံနှစ်ရှည်ပင် စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်စိုက်ပျိုးခွင့်မရှိပါကြောင်း၊ တောင်သူများ ကြိုက်နှစ်သည့် သီးနှံပင်များစိုက်ပျိုးနိုင်ရန်အတွက် ရေမြေရာသီဥတုနှင့်ကိုက်ညီမှု ရှိ/မရှိ အကြံပြုပေးခြင်းကိုသာ ဆောင်ရွက်ရပါကြောင်း၊ ရန်ပုံငွေချထားပေးခြင်းမရှိသေးသည့်အတွက် ပျိုးပင်များကို ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ သီးနှံပင်များပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်များပြုစုခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးသင်တန်းများပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လိုအပ်ပါက ရုံးချုပ်မှ စိုက်ပျိုးရေးပညာရှင်များကို ဖိတ်ခေါ်၍သင်တန်းများပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၆) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၏ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့မရပ်ကွက်ရှိ ယခင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ပိုင် ခြံဝန်းမြေနှင့် မြေကွက်ပေါ်ရှိ အဆောက်အဦသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်ကတည်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းအတွက် အသုံးပြုလာခဲ့သော အဆောက်အဦဖြစ်ပြီး ယခုအခါ နေ့ကလေးထိန်းကျောင်းအဖြစ် အသုံးပြုနေသည်ကို သိရှိရပါသောကြောင့် အစိုးရဌာနနှင့် သက်ဆိုင်သောအဆောက်အဦ တစ်ခုခုအတွက်သာ အသုံးပြုသင့်ကြောင်း ပြည်သူများ မှ တင်ပြလာပါသဖြင့် ၎င်းမြေနေရာသည် ယခုလက်ရှိအချိန်တွင် မည်သည့်ဌာနပိုင်မြေအဖြစ် တည်ရှိနေပါသလဲဆိုသည်နှင့် ယင်းဝန်းခြံမြေအား စနစ်တကျတိုင်းတာ၍ ခြံစည်းရိုးကာရံပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၏ ရန်ပုံငွေဖြင့်သာ ခြံစည်းရိုးကာရံရမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၇) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်၏ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အင်ဘူးဘော့ကျေးရွာ ပြည်သူလူထုနှင့် ကချင်လူမျိုးများ၏ မနောကွင်းလုပ်ဆောင်ရန် လိုအပ်နေသော ရေရရှိရေးအတွက် စိမ့်စမ်းရေအား အင်ဘူးဘော့ရွာမှ (၃)မိုင် ကျော်အကွာမှ ၂” နှင့်သွယ်ယူပြီး (၅၀၀၀)ဂါလံဆံ့ ရေစုကန် လုပ်ဆောင်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လျာထားတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၈) မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွမ်ဒူနော်အောင်၏ မချမ်းဘောမြို့နယ်ရှိ အလန်ဂါးကျေးရွာအလယ်တန်းကျောင်း(ခွဲ) (၂)ထပ်ဆောင်အဟောင်းကိုဖျက်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် RC ကျောင်းဆောင် အသစ် ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၁၈-၂၀၁၉ ခု၊ (၉၀x၃၀) ပေ၊ (၁) ထပ် ကျောင်းဆောင် ဆောက်လုပ်ပေးပြီးဖြစ်၍ လိုအပ်သောကျောင်းဆောင်များကို နောက်လာမည့်ဘဏ္ဍာရေးနှစ်များတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၉) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၏ ရွှေကူမြို့နယ်၊ ဟင်းအွန်ကျေးရွာရှိ မူလတန်းကျောင်းသည် စံချိန်စံညွှန်းမမီသော ကိုယ်ထူကိုယ်ထကျောင်းလေးတစ်ကျောင်းသာ ဖြစ်နေသောကြောင့် ကျောင်းသူ/သား၊ ဆရာ/မများအတွက် ကျန်းမာရေးအမြင်ဖြင့် ကြည့်မည်ဆိုပါက ၎င်းကျောင်းအနေ အထားမျိုးမရှိသင့်တော့ဘဲ စံချိန်စံညွှန်းမီသည့် အလင်းရောင်နှင့် သန့်ရှင်းသော လေကောင်းမွန်စွာရနိုင်သော အဆောက်အဦသစ်လိုအပ်နေပါသောကြောင့် နိုင်ငံတော် အနေဖြင့် ပံ့ပိုးထားသောမည်သည့်ကျောင်းဆောင်မျှ မရှိသေးသည့်အတွက် ဟင်းအွန် ကျေးရွာအတွက် စံချိန်စံညွှန်းမီသည့် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၁၂၀x၃၀) ပေ Streel Structure တစ်ထပ်ဆောက်လုပ်ရန် လျာထားပြီး ခွင့်ပြုရန်ပုံငွေများ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၀) မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၏ မံစီမြို့နယ် ဘောလုံးအားကစားကွင်းတွင် ပွဲကြည့်စင်မရှိပါသောကြောင့် အားကစား ပျော်ပွဲရွှင်ပွဲများပြုလုပ်ရာ၌ အဆင်မပြေမှုများစွာနှင့် ကြုံတွေ့နေရသဖြင့် လိုအပ် လျက်ရှိသော အထူးတန်းပွဲကြည့်စင်အား တည်ဆောက်ပေးပါက အား/ကာမှူးရုံးခန်း ကိုပါတစ်ပါတည်း အသုံးပြုနိုင်မည်ဖြစ်ပါဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ရန်လျာထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၁) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ ၏ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (ဒသမ)ပုံမှန်အစည်းအဝေးတွင် မေးမြန်း ပြီးဖြစ်သည့် ပူတာအိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဟိုခိုရပ်ကွက်သို့သွားရာလမ်း အကွေ့သည် ကျဉ်းမြောင်း၍ မကြာခဏ ယာဉ်တိုက်မှုဖြစ်သဖြင့် ၎င်းအကွေ့အား ပြန်လည်လမ်းချဲ့ပေးပါရန်မေးခွန်းနှင့် ရင်ခွဲရုံအား လမ်းနှင့်ဝေးရာသို့ ရွှေ့ပေးနိုင်ရန် မေးခွန်းတို့နှင့်စပ်လျဉ်း၍ ယနေ့အချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ပြန်လည် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီးနေဝင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည့် ပူတာအိုပြည်သူ့ဆေးရုံကြီး (၂) ထပ်တိုးချဲ့လူနာဆောင်အုတ်မြစ်ချတဲ့အချိန်မှာ ရင်ခွဲရုံကို လမ်းနှင့်ဝေးသော သင့်လျော်မည့် မြေနေရာတွင် ရွေ့ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ကျဉ်းမြောင်းသည့်လမ်းကို ချဲ့ပေးရန်အတွက် သက်ဆိုင်ရာဌာနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၁၂) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ ၏ ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးသည် ၁၉၆၀ ခုနှစ်တွင် ဒေသသစ်ပွပင်ဖြင့် ဆောက်လုပ်ထားသောကြောင့် သက်တမ်းကြာလာ၍ ပျဉ်များနှင့် တိုင်များ ဆွေးမြည့်လျက်ချများစားပြီး ပျက်စီးလျက်ရှိနေပါသောကြောင့် လ.ဝ.က ရုံး ကို အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပူတာအိုမြို့နယ်၊ ဦးစီးမှူးရုံးအသစ်ဆောက်လုပ်နိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးပါရှိရေးအတွက် ပြည်ထောင်စုဝန်ကြီးရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။


၃။ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ပြည်နယ် “ကန်ပိုက်တီနယ်စပ် စီးပွားရေးနယ်မြေ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများအား” ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းမှ လွှတ်တော်သို့တင်သွင်းခဲ့ပြီး အကြုံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။


၄။ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (စာရင်းချုပ်) လျာထားချက်”နှင့်စပ်လျဉ်း၍ အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု တို့မှ ဆွေးနွေးခဲ့ပါသည်။

၅။ အစည်းအဝေး(ဒုတိယနေ့)တွင် တင်သွင်းခဲ့သော ကချင်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (ပထမ (၆)လ)ကာလအတွက် အရအသုံးစာရင်းများဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်၏ ၁-၁-၂၀၁၉ ရက်နေ့မှ ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား လွှတ်တော်သို့တင်သွင်းခဲ့ပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားများရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

၆။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို နေ့လည် (၁၁၅၅) နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၂၇-၂-၂၀၂၀) ရက် (ကြာသပတေးနေ့) နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပရန်လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

မှတ်တမ်းတင်သူ – ဒေါ်ခင်မျိုးသန့် (ဦးစီးအရာရှိ) ##

2020-02-27T19:00:21+00:00