ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) မှတ်တမ်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)
မှတ်တမ်းအကျဉ်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)

၁။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ (သောကြာ) နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၅၃) ဦး အနက် (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

၂။ လွှတ်တော်အစည်းအဝေး(ပဉ္စမနေ့)တွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) ကြယ်ပွင့်ပြမေးခွန်း (၁၃) ခု မေးမြန်းဖြေကြားခြင်း


(၁) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၏ ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများသည် မိမိတို့၏မူလဌာနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြပြီး၊ မိမိတို့ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် စစ်အတွင်းက ထောင်ထားခဲ့သည့် မြေမြှုပ်မှိုင်းများအား သက်ဆိုင်ရာဌာနအနေဖြင့် တာဝန်ယူရှာဖွေဖယ်ရှားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်မှာ မိုင်းနှင့်ပတ်သက်ပြီး မြေပြင်မှ မိုင်းထောင်ခြင်းများတွေ့ရှိခဲ့လျှင်လည်းကောင်း၊ မိုင်းထောင်ထားသည်ကို သံသယရှိလျှင်သော်လည်းကောင်း၊ မိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သတင်းပို့တင်ပြရမည်ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှု အဆင့်ဆင့် တင်ပြလာသည့် သတင်းအချက်အလက်ပေါ်မူတည်၍ ပြည်နယ်အစိုးရထံမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး မိုင်းဖယ်ရှားရှင်းလင်းခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၂) ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဦးဇော်သင်း၏ ဗန်းမော်မြို့နယ်အတွင်းရှိ ယခင်က ဗန်းမော် မော်တော်ယာဉ် အသင်းပိုင်မြေနေရာ၌ ယခုအချိန် အင်းဝဘဏ်တည်ဆောက်ထား ပြီး ၎င်းဘဏ်တည်ဆောက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ တည်ဆောက် မိန့်တင်ပြမှုမရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလည်း ကန့်ကွက်ခဲ့၍ ၎င်း အင်းဝဘဏ်သည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီညွတ်နေ၍ စည်ပင်ခွန်၊ ပြည်တွင်းအခွန် ကောက်ခံ၍မရပါသောကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခွန်အခရရှိရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်၊ ဥပဒေနှင့်အညီ မည်ကဲ့သို့ဆောင်ရွက်ရမည်ဆိုသည် ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက
သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှ အဆောက်အဦများဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်း By Law နှင့်အညီ အဆောက်အဦအား ကြိုတင်ဆောက်လုပ်ပြီး အသုံးပြုမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ အခွန်စည်းကြပ်ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။



(၃) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ကျေးဇူးတော်(ဧဝံဂေလိ) အသင်း တော်နှင့် အနီးပတ်ဝန်းကျင်တွင်နေထိုင်သော အိမ်ခြေ(၅၀)ခန့်မှာ လျှပ်စစ်မီးလိုင်းနှင့် နီးကပ်စွာရှိပါလျက် ယနေ့တိုင်လျှပ်စစ်မီးများမရရှိသေးသောကြောင့် အဆိုပါ လုံးခင်း ကျေးဇူးတော် AG အသင်းတော်ဝန်းကျင်အတွင်း နေထိုင်သောဝန်ထမ်းများ၏ လျှပ်စစ် မီးရရှိရေးအား ယခုနှစ်အတွင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေတွင် (၄၀၉)လိုင်း (၁၅၀၀) ပေ တိုးချဲ့တည်ဆောက်ပေးရန် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၄) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်၊ လုံးခင်းမြို့နှင့် လယ်ပြင်ကျေးရွာသို့ ဥရုချောင်းကို ဖြတ်၍ တည်ဆောက်ထားသော ကွန်ကရစ်တံတားသည် ယခုအခါ ကြမ်းခင်း ကွန်ကရစ်များ နှစ်ကာလကြာသည်နှင့်အမျှ နေ့စဉ်သွားလာနေသော ကုန်ကား၊ ယာဉ် ကြီး၊ ယာဉ်ငယ်တို့၏ စဉ်ဆက်မပြတ်သွားလာပွတ်တိုက်မှုဒဏ်၊ နွေ၊ မိုး၊ ဆောင်း သဘာဝရာသီဥတုဒဏ်များကြောင့်‌ ပေါက်ပြဲယိုယွင်းလျက်ရှိနေပြီး အမှန်တကယ် ပြုပြင်ထိန်းသိမ်းရန်လိုအပ်လျက်ရှိသောကြောင့် ယခုနှစ် မိုးမကျမီ တံတားကြီးအား ပြန်လည်ထိန်းသိမ်းရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်၍ ဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က တံတားတစ်စင်းလုံးကို ကတ္တရာခင်းခြင်းဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ ပံ့ပိုးမှု၊ တံတားဦးစီးဌာနမှလိုအပ်သော ကျခံဆောင်ရွက်ပေးမှုဖြင့် လမ်းဦးစီးဌာနမှ ၂၀၂၀ ပြည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ကတ္တရာခင်းခြင်း ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဥရုချောင်းတံတားကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၅) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်အတွင်းရှိ နန့်ယားကျေးရွာသည် ပြည်ထဲရေးအမည် ပေါက်ရွာမကြီးဖြစ်ပြီး ထိုရွာအတွင်းရှိ ပင်မရွာဈေးကြီးသို့ မြစ်ကြီးနား-ဖားကန့် လမ်းမကြီးမှ အရှေ့ဘက်ရွာလယ်ဘုရားကြီးဘေးကပ်လျက် အလျား ပေ(၆၀၀)ခန့်ရှိ ကိုယ်ထူကိုယ်ထဖောက်လုပ်ထားသော လမ်းမကြီးသည် ယခုအခါမြေသားများ နိမ့်ကျ ပြီး လမ်းမြေပြင်လှိုင်းထလျက် မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ နွေကာလတွင်ဖုန်ထူသဖြင့် ကျောင်းနေကြသော ကျောင်းသူ/သားများ၊ ဘုရားဖူးများအတွက် သွားလာမှု အဆင်မပြေခက်ခဲလျက်ရှိသောကြောင့် ၎င်းဈေးလမ်းမကြီးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အလျား(၆၀၀)ပေ၊ အနံ(၁၂)ပေ၊ ထု(၃)လက်မရှိ ကျောက်ချောလမ်း ပြုလုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ကျေးလက်လမ်းစာရင်းတွင် ထည့်သွင်းပေးနိုင်ရေး ကျေးလက်လမ်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးလက်လမ်းစာရင်းပါဝင်သွားပါက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်းလျာထားပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၆) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာရှိ ပြည်သူ/သားများနှင့် ကျောင်းသားလူငယ်များ အဓိကသွားလာလျက်ရှိသော ရွာပတ် လမ်း(၁)မိုင်ခွဲသည် နှစ်စဉ်မိုးရာသီကာလရောက်တိုင်း မိုးရေများကြောင့် ရွှံ့၊ ဗွက်များ ဖြင့် ပြည့်လျက်သွားလာရခက်ခဲလျက်ရှိပါသဖြင့် ၎င်းလမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ကျောက်ကြမ်းလမ်းခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ကျေးလက်လမ်းစာရင်းတွင် ထည့်သွင်းပေးနိုင်ရန် ကျေးလက်လမ်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးလက်လမ်းစာရင်းတွင် ပါဝင်သွားပါက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်းလျာထားပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၇) ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်၏ ဖားကန့်မြို့နယ်တွင် လျှပ်စစ်ပါဝါလိုင်းများ ဆက်သွယ်ပြီးစီးပြီးဖြစ် သော်လည်း အောက်ပါကျေးရွာများတွင် ယခုနှစ်အတွင်း ကိုယ်ထူကိုယ်ထဆောင်ရွက် ခွင့်ချပေးခြင်းဖြင့်လည်းကောင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် လဝါးကျေးရွာအုပ်စုအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်မီး ဓါတ်အားလိုင်း သွယ်တန်းပေးခဲ့သဖြင့် ကျေးရွာနေပြည်သူများ လျှပ်စစ်မီး ရရှိပြီးဖြစ်သော်လည်း ဓါတ်တိုင်မလုံလောက်မှုကြောင့် အိမ်ခြေ(၂၀၀)ခန့် သာ လျှပ်စစ်မီးရရှိပြီး ရပ်ကွက်(၂)နှင့်(၃)တွင် အိမ်ခြေ(၁၅၀)ခန့် လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသေးကြောင်း၊ လဝါးကျေးရွာအုပ်စု၊ ခွန်ဆိုင်ယန်ကျေးရွာသည် အိမ်ခြေ(၁၂၀)နှင့် လူဦးရေ စုစုပေါင်း (၆၁၁)ဦးရှိပြီး လျှပ်စစ်ဓါတ်အားရရှိရေးအတွက်၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် (၉)မီတာ ဓါတ်အားလိုင်း (၁)မိုင်ခွဲ ချထားပေးပြီးဖြစ်သော်လည်း (၃၃) KV ဓါတ်အားလိုင်း လိုအပ်နေပါသဖြင့် ကျေးရွာတွင်းလျှပ်စစ်မီးရရှိရေးအတွက် ဆက်လက်၍ လျှပ်စစ်မီး(၃၃) KV ဓါတ်အားလိုင်း (၁)မိုင်ခွဲချထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု ရပ်ကွက် (၂)နှင့် (၃) တွင် ဓာတ်အားရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ဓာတ်အားလိုင်းတိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ကြောင်း၊ လဝါးကျေးရွာအုပ်စု၊ ခွန်ဆိုင်ယန်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်ရန်ပုံငွေဖြင့် (၄၀၀) ဗို့အားလိုင်း (၁) မိုင် km မှ တာဝန်ယူဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်း၊ ခွန်ဆိုင်ယန်ကျေးရွာအတွက် လိုအပ်သော (33) KV ဓာတ်အားလိုင်း (၁.၂)မိုင် တည်ဆောက်နိုင်ရေးအတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၈) ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာ၏ ခေါင်လန်ဖူးမြို့နယ်၊ ညီဝါးကျေးရွာနှင့် ရမန်ချီကျေးရွာအုပ်စုအကြား တွင်ရှိသော အရှည်ပေ(၁၃၀)ကျော်ရှိ ညီဝါးကြိုးတံတားကို ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ညီဝါးကြိုးတံတားတည်ဆောက်ပေးနိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်း၊ တံတားဒီဇိုင်းများရရှိရေးစသည့် လုပ်ငန်းများကို ဦးစွာဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက်ပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားတောင်းခံပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
(၉) အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်၏ ကချင်ပြည်နယ်အစိုးရအဖွဲ့၏အနီးဆုံး ၂၀၂၀-၂၀၂၁ ဖြည့်စွက်ဘတ်ဂျက်(သို့မဟုတ်)အနီးဆုံးဘဏ္ဍာနှစ်တွင် မြစ်ဆုံကျေးရွာအုပ်စု၊ ဆနီတူ ကျေးရွာလမ်းမတွင် ရေဖြတ်စီးရန် တံတားတို (၂)စင်း (သို့မဟုတ်) Box Culvert (၂)ခု ကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က လမ်းဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားတောင်းခံပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၀) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု ၏ ရွှေကူမြို့ ငါးဘတ်ကြီးကျေးရွာသို့ ဆက်သွယ်ထားသောလမ်းသည် နန့်ဖားချောင်း အား ဖြတ်ကျော်ထားသည့် တံတားတစ်ခုဖြစ်ပြီး၊ ၎င်းနန့်ဖားချောင်းကူးတံတားသည် လွန်ခဲ့သောနှစ်ပေါင်း (၂၅)နှစ်ခန့်က ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ခဲ့သော သစ်သားတံတားဖြစ်သောကြောင့် ယခုအခါသစ်သားရှားပါးလာနေပြီဖြစ်၍ ခေတ် အခြေအနေအရ ကိုယ်ထူကိုယ်ထတည်ဆောက်ရန် မဖြစ်နိုင်တော့ပါသဖြင့် သက်ဆိုင် ရာမှ ကြာရှည်ခိုင်ခန့်သော ကွန်ကရစ်တံတားအဖြစ် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က လမ်းဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားတောင်းခံပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၁) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု ၏ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာသည် ရွှေကူမြို့မှ (၂၀)မိုင်ခန့် ဝေးကွာပြီး ဧရာဝတီမြစ်ကမ်း၏ အနောက်ဖက်တွင်တည်ရှိသောရွာဖြစ်ပြီး ကသာ၊ စင်းခမ်း၊ ဗန်းမော်ကားလမ်းသည် ရွာ၏အနောက်ဖက် ၁.၆ မိုင်ခန့်တွင် ရွာမှ မြေသားလမ်းဖြင့် ကိုယ်ထူကိုယ်ထဖောက်လုပ်ဆက်သွယ်ထား၍ အဆိုပါဆက်သွယ်ရေးလမ်းသည် မြေနိမ့်ပိုင်းလျှိုများ၊ ချောင်းငယ်များအား ဖြတ်သန်းထားသည့်အတွက် မိုးတွင်းအခါ များစွာ အခက်အခဲဖြင့် ကြုံတွေ့နေရပါသောကြောင့် ၎င်းဆက်သွယ်ရေးလမ်းအား အချိန်အခါရာသီမရွေးသွားလာနိုင်ရန် အဆင့်မြှင့်တင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ကျေးလက်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပြီးမှသာ ဘဏ္ဍာရေးနှစ်အလိုက်လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၁၂) ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု ၏ ရွှေကူမြို့နယ်၊ စီမော်ကျေးရွာနှင့် မိုးကင့်ကျေးရွာ ကျေးရွာချင်းဆက်လမ်းသည် အမာခံသဲကျောက်လမ်းဖြစ်သော်လည်း လမ်းအကျယ်မှာ (၁၂)ပေခန့်သာ ကျယ်ဝန်း သဖြင့် အလွန်ကျဉ်းမြောင်းသောကြောင့် ကား၊ ဆိုင်ကယ်၊ စက်ဘီးများ အလွန် အန္တရာယ်ကျရောက်ခြင်း၊ ယခုအခါ ချိုင့်ခွက်ပေါင်းများစွာဖြစ်နေပြီး သွားလာရခက်ခဲသောလမ်းအဖြစ် ရောက်ရှိနေပြီဖြစ်သောကြောင့် ၎င်းလမ်းအား စံချိန်စံညွှန်းပြည့်မီသော အမာခံကျောက်ချောလမ်းအဖြစ် ပြောင်းလဲပြုပြင်ခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။


(၁၃) ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၏ ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်များနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများတွင်ရေရရှိနိုင်ရေးအတွက် ပူတာအိုမြို့နယ်၊ မကျော့ဝေါ့ ချောင်းဖျား ငါးလုံချောင်း(ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၈၀၀ ပေ)မှ ရေသွယ်ယူပြီး ဒုတ္တန်ရပ်ကွက် ပျားစခန်းကုန်းအထိ(၁)ပေ PVC ပိုက်ဖြင့် ခန့်မှန်းမိုင်(၁၀)မိုင်၊ တုံလီထု ရပ်ကွက်အထိ ၆ လက်မ PVC ပိုက်ဖြင့် ခန့်မှန်းမိုင်(၅)မိုင် ရေသွယ်ယူခြင်း၊ ဒုတ္တန် ရပ်ကွက်ပျားစခန်းကုန်းတွင် ရေစုကန်(၁၀၀ပေ×၁၀၀ပေ×၈ပေ) ရေကန်(၁)ကန်၊ တုံလီထုရပ်ကွက်တွင် ရေစုကန် (၅၀ပေ×၅၀ပေ×၈ပေ) ရေကန်(၁)ကန် တည်ဆောက်ပြီး ရပ်ကွက်ကျေးရွာများသို့ ရေပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါရေပေး ဝေရေးလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခြင်း (သို့မဟုတ်) ပြည်ပချေးငွေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်က ပူတာအိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် ဝင်ငွေနည်းပါးသည့် မြို့နယ်ဖြစ်၍ လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အဆိုရှင်အနေဖြင့်လည်း ပြည်ပမှချေးငွေဖြင့် ဆောင်ရွက်ပေးရန်အကြံပြုထားပါကြောင်း၊ ဆောင်ရွက်မည်ဆိုပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

၃။ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (စာရင်းချုပ်) လျာထားချက်”နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီတို့၏ စိစစ်အကြုံပြုချက်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များကို ၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၄၆ အရ
လွှတ်တော်၏ အကြံပြုချက်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။
၄။ အစည်းအဝေး(ဒုတိယနေ့)တွင် တင်သွင်းခဲ့သော ကချင်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (ပထမ (၆)လ)ကာလအတွက် အရအသုံးစာရင်းများဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်၏ ၁-၁-၂၀၁၉ ရက်နေ့မှ ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်မှ ပြန်လည်ရှင်းလင်းခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။
၅။ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို နေ့လည် (၁၂၂၀) နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။

မှတ်တမ်းတင်သူ – ဒေါ်ခင်မျိုးသန့် (ဦးစီးအရာရှိ) ##

2020-03-05T18:58:36+00:00